Friday, September 4, 2009

မဇ္ဈိမသုခဖောင်ဒေးရှင်း

(၁)ဂင်္ဂါဝါဠုသဲစုများ

အိန္ဒိယနိုင်ငံ မဇ္ဈိမဒေသကို ဖြတ်သန်းသွားသော မိုင်ပေါင်းတစ်ထောင်ရှည်လျားသည့် ဂင်္ဂါမြစ်တစ်ကြောရှိ သဲစုအမျှ ဗုဒ္ဓဘုရားရှင်အဆူဆူတို့ ပွင့်တော်မူခဲ့ပြီးပြီ ဟု ဘုရားရှင်ဟောတော်မူပါသည်။ သင်္ချာဆရာတစ်ဦးအဆိုအရ ဂင်္ဂါမြစ်တစ်ကြောရှိ သဲစုများ၏ အရေအတွက်မှာ ဘီလျံပေါင်း ကုဋေရှစ်ထောင်ကျော်အထက်မှာ ရှိပါသတဲ့။ သို့ဆိုလျှင် ဘီလျံကုဋေပေါင်းများစွာသော ဘုရားအဆူဆူတို့နှင့် လွဲချော်ခဲ့ကြပြီးသည်မှာ အရှုံးများလှတော့သည်။ သို့သော် ကံကောင်းထောက်မစွာ ဂေါတမဗုဒ္ဓအရှင်၏ သာသနာတော်ပွင့်လန်းချိန်က လင်းလင်းချင်းချင်း ရှိနေပါသေးသည်။

(၂)အခွင့်အလမ်း

ယနေ့ မိမိတို့လက်ဝယ်တွင် ဘုရားရှင်အား ဖူးတွေ့ခွင့်လွဲချော်ခဲ့ရသော်လည်း ဘုရားရှင်၏ သာသနာတော်အတွင်း လူဖြစ်ခွင့်။ ဘုရားရှင်၏ တပည့်သာဝကသံဃာတော်ဟူသော ကလျာဏမိတ္တ အဆွေခင်ပွန်းကောင်းအစစ်နှင့် ပေါင်းဖက်ခွင့်၊ ထိုသံဃာတော်အရှင်မြတ်များထံမှ သဒ္ဓမ္မဿဝန သူတော်ကောင်းတရားနာယူကျင့်သုံးခွင့် ရှိနေပါသေးသည်။
မိမိတို့အဇ္ဈတ္တနှလုံးသားကို သဒ္ဓါ ပညာ ၀ီရိယတို့ဖြင့် အသင့်လှည်းကျင်းထားကြရုံသာ အရေးကြီးလေသည်။ ဖြူစင်သော နှလုံးသား၌သာ ဘုရားရှင်ကြွတော်မူလေမည်။

(၃) ရတနာသုံးပါးမွေးဖွားရာ

ဘုရားရတနာ၊ တရားရတနာနှင့်သံဃာရတနာတို့၏ မူလပွင့်ထွန်းရာဇာတိမြေသည် အိန္ဒိယနိုင်ငံ။ မဇ္ဈျိမဒေသဖြစ်သည်။

(၁)ကပိလ၀တ္ထုပြည်အနီးရှိ လုမ္ဗိနီသာမော အင်ကြင်းတောသည် ဗုဒ္ဓအရှင်မွေးဖွားရာ
(The Birth Place of The Buddha) ၊

(၂)ဗုဒ္ဓဂယာဒေသရှိ မဟာဗောဓိညောင်ပင်မြတ်သည် သစ္စာတရားသိမြင်မှုမဟာဗောဓိဥာဏ်တော်မွေးဖွားရာ (The Birth Place of Enlightenment) ၊

(၃) ဗာရာဏသီပြည် မိဂဒါဝုန်သမင်တောသည် သံဃာရတနာမွေးဖွားရာ
( The Birth Place of Samgha, The Buddhist Order) ဖြစ်လေသည်။

(၄)သာသနာအသက်ဆက်သူများ

ဘုရားရှင်သည် ဗုဒ္ဓဂယာမဟာဗောဓိပင်မြတ်၏ အရိပ်အောက်တွင် သစ္စာတရားကို သိမြင်တော်မူပြီးသည့်နောက် လောကဟိတ လောကသုခဟူသော ရည်ရွယ်ချက်ဖြင့် ပထမဆုံးသောသာသနာပြုခရီးကို ကြွချီတော်မူခဲ့သည်။ ထိုပထမဆုံးသော သာသနာပြုခရီးမှာ ဗာရာဏသီ မိဂဒါဝုန်တွင် ဓမ္မစကြာတရားတော်နှင့် အနတ္တဒေသနာတော်ဟောကြားရန် ကြွတော်မူသော ခရီးပင်ဖြစ်တော့သည်။

ထိုပထမဆုံးသောသာသနာပြုခရီးတွင် ဗုဒ္ဓအရှင်၏ အသိအမြင် (Theory ) ၊ အကျင့်တရား (Practice) ကို ပီပြင်စွာ ဖော်ထုတ်ပြနိုင်ခဲ့သည့်အတွက် အောင်မြင်သောမစ်ရှင်တစ်ခုဖြစ်ခဲ့သလို ဗုဒ္ဓအရှင်၏ သာသနာကို လက်ဆင့်ကမ်းအသက်ဆက်ပေးမည့် သံဃာ့အဖွဲ့အစည်းကြီးကို ပထမဦးဆုံးအောင်မြင်စွာ ဖွဲ့စည်းထူထောင်ပေးခဲ့ပေသည်။ ထို့ကြောင့် ဗာရာဏသီ မိဂဒါဝုန်သည် ယနေ့ခေတ် တည်ရှိနေဆဲဖြစ်သော သာသနာတော်၏ အဓိက အုတ်မြစ်ဖောင်ဒေးရှင်းကြီးပင်ဖြစ်လေသည်။ တနည်းဆိုရလျှင် မဇ္ဈိမကို အခြေခံသော ဖောင်ဒေးရှင်းဟုဆိုရပေမည်။


(၅)မဇ္ဈိမသုခဖောင်ဒေးရှင်း

မည်သို့ဖြစ်စေ ဗုဒ္ဓအရှင်၏ သာသနာသည် ၄င်း၏ မွေးရပ်ဇာတိမြေကို အကြောင်းအမျိုးမျိုးအခြေအနေအမျိုးမျိုးတို့ကြောင့် စွန့်ခွာခဲရပေသည်။ အချို့သောသူတို့ဆိုကြသလို သာသနာပျောက်ကွယ်ဆိတ်သုဉ်းသွားခြင်းမဟုတ်ပေ။ ရွေ့လျားသွားခြင်းသာ ဖြစ်သည်။


No comments:

Post a Comment